inner-new-banner-02

သတင်းများ

မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်တွေ့ဆုံပွဲ အခမ်းအနားသို့ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA) တက်ရောက်ခဲ့ခြင်း

မန္တလေး၊ မေ ၂၁

မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ (၂၁-၅-၂၀၂၆)ရက်နေ့ မနက် (၁၀:၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ မန္တလေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစစ်နိုင်နှင့်မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက် ရေးအသင်း(MYDA) ဗဟိုအတွင်းရေးမှူး ဒေါ်ကြည်စင်ရွှေ ၊ မန္တလေးတိုင်းဒေသကြီး (MYDA) ဥက္ကဋ္ဌ ဦးဟန်ထွန်းဦးနှင့် အဖွဲ့ဝင်များ ၊ လူငယ်ရေးရာဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင် ရာများ၊ ကျောင်းသားလူငယ်များ၊ ကြက်ခြေနီလူငယ်များ၊ အားကစားလူငယ်များ၊ ပရဟိတ လူငယ်များနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်လူငယ်များ တက်ရောက်ခဲ့ကြပါသည်။

ပထမဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက အဖွင့်အမှာစကားပြောကြား ခဲ့ပါသည်။

ထိုသို့ ပြောကြားရာတွင် နိုင်ငံတော်အနေနှင့် အနာဂတ်ရဲ့မီးရှူးတန်ဆောင် များဖြစ်ကြသည့် လူငယ်များ ကို တက်ကြွပြီး စွမ်းရည်ထက်မြက်သည့် နိုင်ငံ့သယံဇာတ များဖြစ်အောင် အလေးထားဆောင်ရွက် ပေးလျက် ရှိကြောင်း၊ သမိုင်းအစဉ်အလာကောင်းခဲ့သည့် လူငယ်များကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး တွင် ရှေ့တန်းမှ ပါဝင်နိုင်ရေး တာဝန်ခံဖြည့်ဆည်းပေး နိုင်ရန်အတွက် လူငယ်ရေးရာဝန်ကြီးဌာန ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယခုလက်ရှိအစိုးရ လက်ထက်တွင် နိုင်ငံတော်သမ္မတကြီးမှ လူငယ်ရေးရာဝန်ကြီးဌာနကို သီးခြားဝန်ကြီးဌာနအဖြစ် ပထမဦးဆုံးအနေဖြင့်အသစ် ပြင်ဆင် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ လူငယ်များသည် နိုင်ငံတော်အတွက်အရေးပါသည့် အခန်းကဏ္ဍမှာ ပါဝင်နေကြောင်းကို သမိုင်းအစဉ်အလာများကိုကြည့်လျှင် သိနိုင်ကြောင်း၊ ယခုတွေ့ဆုံပွဲ ပြုလုပ်သည့် ကျောက်ဆည် နယ်သည်ဆိုလျှင်လည်း ပထမမြန်မာနိုင်ငံတော်တည်ထောင်ခဲ့သည့် အနော်ရထာမင်း အလေးထားသည့်စပါးကျီ ရွှေဆည်နယ် ဖြစ်ခဲ့ကြောင်း၊ သမိုင်းအစဉ်လာကြီးသည့်ကျောက်ဆည် နယ်မှ လူငယ်များအနေဖြင့်လည်း မိမိတို့အပေါ်ကျရောက်လာသည့် သမိုင်းပေးတာဝန်များကို ကျေပွန်ရန် လိုအပ်ကြောင်း၊ “Unity is Strength” ဆိုသည့်အတိုင်း စည်းလုံးခြင်းထက် သာလွန်တဲ့ အင်အားမရှိသည့်အတွက် မြန်မာပြည်တစ်လွှားမှာ ပျံ့နှံ့နေတဲ့ လူငယ်တစ်ဦးခြင်း ၏အင်အားနှင့် အဖွဲ့အစည်းတွေ တိုးတက်အောင်ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊မိမိတို့ ဝန်ကြီးဌာနအနေနှင့်လည်း ပညာရေးနိမ့်သည့်နေရာများတွင် ပညာရည်မြင့်မားအောင်ကျောင်း ပြင်ပ ပညာရေးအစီအစဉ်များကို အကောင်အထည် ဖော်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ကိုလည်းဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်များဖြစ်လာစေရေးအတွက် နည်းပညာပံ့ပိုးမှု၊ ဖလှယ်မှု များဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ လူငယ်များဝါသနာပါရာ အားကစားများကိုလည်း ဆက်လက်လုပ်ဆောင်နိုင်ရန် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ အစိုးရချည်းသက်သက် ဆောင်ရွက်၍မရသည့်အတွက် လူငယ်ထုမှပူးပေါင်းဆောင်ရွက် ပေးသွားရန် လိုအပ်ကြောင်း၊ အစိုးရနှင့်ပြည်သူလက်တွဲညီမှသာ မြန်မာ့လူ့အဖွဲ့အစည်းတိုးတက် လာမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်များမတွင် လူငယ်စင်တာများကို တစ်နှစ်ပြီး တစ်နှစ် တိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ လူငယ်များမှလည်း မိမိတို့မျိုးဆက်မှစပြီး မိမိတို့နိုင်ငံကြီးဖွံ့ဖြိုး တိုးတက်ရမည်ဆိုသော ခိုင်မာသည့်စိတ်ဓာတ်၊ ရင့်သန်သည့်ဇွဲနှင့် ကြိုးစား ကြရန် တိုက်တွန်း မှာကြားလိုကြောင်း၊ ဒီကနေ့ အခမ်းအနားမှသည် နောင်အကြိမ်ကြိမ် ဖတွေ့ဆုံ ကြသည့်အခါ သမိုင်းအစဉ်အလာ ကြီးမားသည့် ကျောက်ဆည်နယ်မှ လူငယ်များအနေဖြင့် “အနာဂတ်ဖွံ့ ဖြိုးမှုအစ ရွှေဆည်နယ်က” ဆိုသည့်အတိုင်း အနာဂတ်နိုင်ငံတော်အတွက်ကြိုးပမ်း ကြမည့် လူငယ်များအဖြစ်မြင်တွေ့လိုကြောင်း၊ ထိုရည်မှန်းချက်ပြည့်အောင် လူငယ်မောင်မယ် များက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးနိုင်ကြမည်ဟု ယုံကြည်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာအနေဖြင့်လည်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ပူးပေါင်းဆောင်ရွက်ပြီး လိုအပ်သည် များကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်မှ အမှာစကားပြောကြားရာတွင် “နိုင်ငံတော်မှ ဆယ်ကျော်သက်လူငယ်များ၏ ကျန်းမာကြံ့ခိုင်ရေး၊ စိတ်ဓာတ်၊ စည်းကမ်း၊ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးနဲ့ ပြည်ထောင်စုစိတ်ဓာတ် များ ရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လူငယ်ရေးရာအသိပညာပေး‌ ဟော ပြောပွဲများကို တစ်နိုင်ငံလုံးကျင်းပပြုလုပ်ပေးနေကြောင်း၊ လူငယ်များအလုပ်အကိုင် အခွင့်အလမ်းများရရှိ စေရေးအတွက် နည်းပညာ၊ သက်မွေးပညာ သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် လက်ရှိကာလတွင် လူငယ်များအသိပညာ၊ ဉာဏ်ပညာ၊ ဗဟုသုတတိုးတက်စေပြီး ဗလငါးတန်နှင့်ပြည့်ဝစေရေးအတွက် Football For School Program များကဲ့သို့သော ရက်(၁၀၀)စီမံချက် အစီအစဉ်တွေကို လူငယ်ကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် အထူးအလေးထားဆောင်ရွက်နေသည်ကို တွေ့မြင်ရမှာဖြစ်ကြောင်း၊ လူငယ်များအနေဖြင့်လည်း နိုင်ငံတကာတွင်ဖြစ်ပျက်နေသည့် အခြေအနေ၊ ဗဟုသုတများကို မျက်ခြေမပြတ် လေ့လာနေရ မည်ဖြစ်ပြီး တိုးတက်လာသည့် နည်းပညာများကို ခေတ်နှင့်အညီ လေ့လာမှတ်သား နေရမှာဖြစ်ကြောင်း၊ ယခုလက်ရှိ ကမ္ဘာကြီးတွင် AI Software များကို အသုံးပြုပြီး AI နည်းပညာကို အကျိုးရှိစွာအသုံးချနေသည်ကို တွေ့ရမှာဖြစ်ကြောင်း၊ လူငယ်များ အနေဖြင့်လည်း မိမိတို့ဘဝကို တန်ဖိုးထားပြီး လမ်းမှားမရောက်စေရန်အတွက် မိမိကိုယ်ကို ထိန်းကျောင်း တည့်မတ်ရင်း လူတော်လူကောင်းများဖြစ်စေရန် ယခုအချိန်ကတည်းက ကြိုးစားကြရန်လိုအပ် ကြောင်း” တိုက်တွန်းမှာကြားခဲ့ပါသည်။

ထို့နောက် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ အားကစားပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ပြီး အလွှာပေါင်းစုံမှ လူငယ်များက သိလိုသည်များမေးမြန်းခဲ့ရာ လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီးနောက် အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

#မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm