သတင်းများ
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၆-၈
မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးမောင်မောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ၂၀၂၃ ခုနှစ် အာဆီယံ+လူငယ်ထိပ်သီးညီလာခံ ( 2023 ASEAN+YOUTH SUMMIT) သို့ တက်ရောက်ရန်အတွက် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၊ ထိုမှတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ မြို့သို့ သွားရောက်ခဲ့ပါသည်။
ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လည်း အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါ ပို့ဆောင်ခဲ့ပြီး ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ သံရုံးများမှလည်း ကိုယ်စားလှယ်အဖွဲ့အား သက်ဆိုင်ရာနိုင်ငံများရှိ လေဆိပ်များတွင် လာရောက်ကြိုဆိုခဲ့ကြပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။
စက်တင်ဘာလ ၆ ရက်နေ့တွင် မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးမောင်မောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် 2023 ASEAN YOUTH SUMMIT သို့တက်ရောက်ရန် အင်ဒိုနီးရှားသမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန နှင့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနကိုယ်စား ဖိတ်ကြားပေးသည့် Indonesia Youth Diplomacy ( IYD) အင်ဒိုနီးရှားနိုင်ငံ လူငယ်ရေးရာ သံတမန်အဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်သည့် Mr. Michael Victor Sianipar ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် The Westin Jakarta ( Marriott ) တွင် တွေ့ဆုံခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲတွင် အင်ဒိုနီးရှား လူငယ်ရေးရာ နှင့် မြန်မာနိုင်ငံ လူငယ်ရေးရာ ဆိုင်ရာ ကိစ္စရပ်များတွင် အတူတစ်ကွပူးပေါင်းဆောင်ရွက်ရေး၊ နည်းပညာဆိုင်ရာများ ဝေမျှပေးရေး၊ အာဆီယံ အတွင်း မြန်မာ-အင်ဒိုနီးရှား နှစ်နိုင်ငံ လူငယ်များ အသိပညာ အတတ်ပညာများပိုမိုတိုးတက် လာစေရေး အတွက် နှစ်ဖက် အသင်း ဥက္ကဋ္ဌ နှင့် ကိုယ်စားလှယ်များမှ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးမောင်မောင် မှ အမှတ်တရ ကျေးဇူးတင် လက်ဆောင်အား ပေးအပ်ခဲ့ရာ Indonesia Youth Diplomacy ( IYD) အင်ဒိုနီးရှားနိုင်ငံ လူငယ်ရေးရာ သံတမန်အဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်သည့် Mr. Michael Victor Sianipar နှင့် အဖွဲ့ဝင်များမှ လက်ခံခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
စက်တင်ဘာ ၆ ရက်နေ့တွင် ၂၀၂၃ ခုနှစ် အာဆီယံ+လူငယ်ထိပ်သီးညီလာခံ ( 2023 ASEAN+YOUTH SUMMIT) အစည်းအဝေး ပထမနေ့ အစီအစဥ်အဖြစ် အင်ဒိုနီးရှားနိုင်ငံ လွှတ်တော်အား သွားရောက်လေ့လာခဲ့ကြပြီး အာဆီယံနိုင်ငံလူငယ်ကိုယ်စားလှယ်များနှင့် ဆွေးနွေးဖက် နိုင်ငံများမှ အတည်ပြုထားပြီး ဖြစ်သည့် အာဆီယံ လူငယ်ရေးရာ မူဝါဒ အကြံပြုချက်များအား ဆွေးနွေးတင်ပြခဲ့ပါသည်။ ထိုမှတစ်ဆင့် ဘိုကိုမြို့ (Bogor) မြို့တော်ဝန် H.E Mr Bima Arya Sugiarto မှ ဘိုကိုမြို့၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ ၊ အထင်ကရ အထိမ်းအမှတ် နေရာများနှင့် အမျိုးသားယဥ်ကျေးမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသခဲ့ပါသည်။ ညပိုင်းတွင် မြို့တော်ဝန်ခန်းမတွင် အင်ဒိုနီးရှားနိုင်ငံ ရိုးရာအကများဖြင့်ဧည့်ခံပြီး ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ ညစာအတူတစ်ကွ သုံးဆောင် ခဲ့ကြပါသည်။
စက်တာဘာ ၇ တွင် ဒုတိယနေ့ အစီအစဥ်အဖြစ် ဂျကာတာမြို့ရှိ Jakarta Concert Hall , iNews Tower တွင် ဖွင့်ပွဲအခမ်းအနားအား ကျင်းပခဲ့ကာ Main Youth Agenda များဖြစ်သည့် 1. Digital Literacy and Inclusion 2. Health 3. Food Security 4. Future of Education and Work 5. Green Economy တို့နှင့်သက်ဆိုင်သည့် ဆွေးနွေးပွဲ ၆ ခုအား ကျင်းပနိုင်ခဲ့ပါသည်။ ဆွေးနွေးသည့်အကြောင်း အရာများထဲတွင် မြန်မာ ၊ ဗီယက်နမ် ၊ ထိုင်းနိုင်ငံတို့မှ ဆန်စပါးများ ပိုမိုစိုက်ပျိုးပြီး အာဆီယံဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေရေး ကြိုးစားဆောင်ရွက်သွားရန် Food Security အတွက် ကောင်းမွန်သော မူဝါဒများ ချမှတ်သွားရန် ထည့်သွင်းဆွေးနွေးခဲ့ပါသည်။ လူငယ်များ ကောင်းမွန်သော အာဆီယံအသိုက်အဝန်း ဖြစ်ပေါ်လာစာရေး ကိုယ်ကျိုးမဖက် အများအကျိုး စိတ်ဓါတ်ဖြင့် ကူညီဆောင်ရွက်ရန် နှင့် အနာဂါတ် နည်းပညာများကို ကောင်းစွာ အခြေခံလျက် အာဆီယံဒေသကြီး ပိုမိုတိုးတက်စေရေး ကြိုးစားဆောင်ရွက်သွားရေး ဆွေးနွေး တိုင်ပင်ခဲ့ကြပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတကိုယ်စား အားကစားနှင့်လူငယ်ရေးရာ ပြည်ထောင်စုဝန်ကြီး H.E Mr Ario Bimo Namdito Ariotedjo ၊ ခရီးသွားလာရေးနှင့်စီးပွားရေးဖန်တီးမှုရေးရာ ပြည်ထောင်စုဝန်ကြီး H.E Mr Sandiaga Uno ၊ အင်ဒိုနီးရှားလူငယ်ရေးရာ သံတမန်အဖွဲ့ ( Indonesia Youth Diplomacy -IYD) ဥက္ကဋ္ဌ Mr. Michael Victor Sianipar တို့မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံမှ ရွေးချယ်ထားသော လူငယ်ကိုယ်စားလှယ်တစ်ထောင်ခန့်နှင့် အာဆီယံ နှင့် ဆွေးနွေးဖက်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ ညပိုင်းတွင် Gran Melia Hotel Jakarta တွင် ညစာဖြင့် တည်ခင်းဧည့်ခံ ခဲ့ပါသည်။
ထို့အပြင် တက်ရောက် လာခဲ့ကြသည့် လူငယ်ကိုယ်စားလှယ်များမှ တက်ရောက်လာကြသည့် ဧည့်တော်ကြီးများနှင့် လူငယ်များအား သက်ဆိုင်ရာ ခေါင်းစဥ်များအလိုက် အသီးသီး PowerPoint ဖြင့် တင်ပြ ဆွေးနွေး ခဲ့ပါသည်။
စက်တင်ဘာ ၈ တွင် တတိယနေ့ အစီအစဥ်အား ဂျကာတာမြို့ရှိ Jakarta Concert Hall , iNews Tower တွင် ဖွင့်ပွဲအခမ်းအနားအား ကျင်းပခဲ့ကာ Main Youth Agenda တို့နှင့်သက်ဆိုင်သည့် ဆွေးနွေးပွဲ ၆ ခု ကျင်းပနိုင်ခဲ့ပါသည်။ ဆွေးနွေးခဲ့ကြသည့် အဓိက အချက် အချို့မှာ အာဆီယံ ဒေသတွင်းရှိ လူတိုင်း ကျန်းမာရေးဝန်ဆောင်မှုအား တူညီစွာ ရရှိခံစားစေရေး ၊ Pandemics ကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ အခြေအနေများကို ကောင်းမွန်စွာ ထိန်းချုပ်စီမံနိုင်ရေး ဆောင်ရွက်ထားရှိရန်၊ အာာဆီယံလူငယ်များ၏ အနာဂါတ် ပညာရေး အစီအမံများနှင့် အလုပ်အကိုင် အခွင့်အလမ်းများအတွက် သာတူညီမျှ ခံစားရရှိစေနိုင်ရေး နှင့် Green Energy,Green Economy အတွက် အာဆီယံနိုင်ငံများအချင်းချင်းပိုမိုပူးပေါင်းဆောင်ရွက်သွားရေး စသည့် အချက်များကို ဆွေးနွေးခဲ့ပါသည်။ တစ်ဆက်တည်း ညနေပိုင်းတွင် ၂၀၂၃ ခုနှစ် အာဆီယံ+လူငယ်ထိပ်သီးညီလာခံ ( 2023 ASEAN+YOUTH SUMMIT) ပိတ်ပွဲအခမ်းအနားအား အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတကိုယ်စား အင်ဒိုနီးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှုရေးရာ ပြည်ထောင်စုဝန်ကြီး H.E Mr Bahlil Lahadalil ၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး H.E Mr Dante Saksono Harbuwono တို့မှ ဦးဆောင်ကျင်းပနိုင်ခဲ့ပြီး အခမ်းအနားအား ည ၈ နာရီအချိန်ခန့်တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။
စက်တင်ဘာလ ၉ ရက်နေ့ တွင် မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးမောင်မောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ အာဆီယံနိုင်င်ငံဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်ရုံးတွင် သံအမတ်ကြီး ဦးအောင်မျိုးမြင့် ( မြန်မာ နိုင်ငံဆိုင်ရာ အာဆီယံ အမြဲတမ်းကိုယ်စားလှယ်) နှင့် သွားရောက်တွေ့ဆုံဂါရဝပြုခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း ၊ Myanmar Youth Development Association ( MYDA) မှ ASEAN+YOUTH SUMMIT 2023 သို့ တက်ရောက်ခဲ့သည့် လူငယ်ကိုယ်စားလှယ်များ မှ မိမိတို့ တာဝန်ယူဆွေးနွေးခဲ့ကြသည့် ခေါင်းစဥ်အလိုက် ပြန်လည်ရှင်းလင်းတင်ပြခဲ့ပြီး သံအမတ်ကြီးမှ လိုအပ်သည်များ ပြန်လည်မှာကြားခဲ့ပြီး အစည်းအဝေးသို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ကြသည့် လူငယ်ကိုယ်စားလှယ်များနှင့် ဦးဆောင် စီစဥ်ပေးခဲ့ကြသည့် အသင်းဥက္ကဋ္ဌကြီးနှင့် အသင်းတာဝန်ရှိသူများအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် အခြားနိုင်ငံများမှ လူငယ်ကိုယ်စားလှယ်များနှင့် ရင်ဘောင်တန်းပြီး နိုင်ငံအတွက် အောင်မြင်စွာ ဆွေးနွေး ပေးနိုင်သည့်အတွက် ကျေးဇူးတင် ဂုဏ်ပြုပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ယင်းနောက် မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဦးမောင်မောင်မှ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး အတူတကွ အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ပါသည်။
ထိုမှတစ်ဆင့် ဂျကာတာမြို့ရှိ မြန်မာနိုင်ငံ ဆိုင်ရာ စစ်သံမှူးကြီးရုံးသို့ သွားရောက်ကာ စစ်သံမှူးကြီး ဗိုလ်မှူးချုပ် အောင်ဟိန်းဝင်းအား သွားရောက်ဂါရဝပြုတွေ့ဆုံခဲ့ရာ မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးမောင်မောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ အား စစ်သံမှူးကြီး ဗိုလ်မှူးချုပ် အောင်ဟိန်းဝင်းနှင့် ဇနီးတို့မှ မြန်မာနိုင်ငံ ဆိုင်ရာ စစ်သံမှူးကြီးရုံးတွင် အမှတ်တရ နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ ပါသည်။ စစ်သံမှူးကြီးမှ မြန်မာ လူငယ်များသည် နိုင်ငံချစ်စိတ် ၊ အမျိုးသားအကျိုးစီးပွား အတွက် ငယ်ရွယ်စဥ် အချိန်မှစတင်ကာ ကြိုးစားစွမ်းဆောင်ကြရမည် ဖြစ်ပါကြောင်း ၊ ယခုကဲ့သို့ မြန်မာနိုင်ငံကိုယ်စား တက်တက်ကြွကြွ ပါဝင်ဆွေးနွေးခဲ့ကြသည့် မြန်မာလူငယ် ဖွံ့ဖြိုး တိုးတက်ရေးအသင်းမှ လူငယ်ကိုယ်စားလှယ်များအတွက် ဂုဏ်ယူပါကြောင်းနှင့် အောင်မြင်စွာ တက်ရောက်နိုင်ရန် ဦးဆောင်စီစဥ်ပေးသည့် မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးမောင်မောင်နှင့် တာဝန်ရှိသူများအား ဂုဏ်ယူပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဥက္ကဋ္ဌ အဂ္ဂမဟာသီရိ သုဓမ္မမဏိဇောတဓရ ဦးမောင်မောင် နှင့် မြန်မာနိုင်ငံ စစ်သံမှူးကြီး ဗိုလ်မှူးချုပ် အောင်ဟိန်းဝင်းတို့မှ အမှတ်တရလက်ဆောင်များ အပြန်အလှန်လဲလှယ်ခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။
မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးမောင်မောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့အား 2023 ASEAN YOUTH SUMMIT သို့တက်ရောက်ရန် အင်ဒိုနီးရှားသမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန နှင့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနတို့နှင့် Indonesia Youth Diplomacy ( IYD) အင်ဒိုနီးရှားနိုင်ငံ လူငယ်ရေးရာ သံတမန်အဖွဲ့၏ ဥက္ကဋ္ဌတို့မှ ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံကိုယ်စား အာဆီယံ+လူငယ်ထိပ်သီးညီလာခံသို့ တက်ရောက်ခွင့်ရရှိခဲ့ပြီး မြန်မာနိုင်ငံ လူငယ်ရေးရာ ဆိုင်ရာ ကိစ္စရပ်များတွင် အတူတစ်ကွပူးပေါင်းဆောင်ရွက်ရေး၊ နည်းပညာဆိုင်ရာများ ဝေမျှပေးရေး၊ အာဆီယံ နိုင်ငံများ အတွင်းသာမက ဆွေးနွေးဖက် နိုင်ငံများနှင့်ပါ မြန်မာ လူငယ်များ အသိပညာ အတတ်ပညာများပိုမိုတိုးတက် လာစေရေး နှင့် ဒေသတွင်း ယဥ်ကျေးမှုနှင့် လူငယ်ရေးရာဆိုင်ရာများတွင် ပိုမိုချိတ်ဆက်လာနိုင်ပြီး ကောင်းမွန်သော အာဆီယံအသိုက်အဝန်းတစ်ခု တည်ဆောက်ရေးတွင် မြန်မာလူငယ်များ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများ တိုးမြှင့်လာစေနိုင်ခဲ့သောအစည်းအဝေးတစ်ခု ဖြစ်ပါသည်။
ယခု ၂၀၂၃ ခုနှစ် အာဆီယံ+လူငယ်ထိပ်သီးညီလာခံ ( 2023 ASEAN+YOUTH SUMMIT) သည် ကျင်းပနေလျက်ရှိနေသည့် ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့်အတူ ကျင်းပသည့် တစ်ခုတည်းသော အဆင်မြင့် အာဆီယံ လူငယ်ညီလာခံ တစ်ခုဖြစ်ပြီး မြန်မာ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း Myanmar Youth Development Association ( MYDA) သည် မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ခဲ့သည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်ပါသည်။
2023 ASEAN+ YOUTH SUMMIT သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ အောင်မြင်စွာ တက်ရောက်နိုင်ရေးအတွက် အသင်းကြီး၏ ဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးမောင်မောင်မှ အစစအရာရာ တာဝန်ယူစီစဥ်ပို့ဆောင်ပေးခဲ့ပြီး မြန်မာနိုင်ငံ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ အဓိက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနများတို့မှ အတူတစ်ကွ ပါဝင်ကူညီပံ့ပိုး ပေးခဲ့ကြပါသည်။
အသင်းအဖွဲ့၏ ရည်ရွယ်ချက်
" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့် လူငယ်များ၏ ဗလ (၅) တန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ရန်နှင့် တိုင်းရင်းသားမိဘပြည်သူများ၏ လူမှုရေးကဏ္ဍနှင့် သဘာဝဘေးအန္တရယ် များ ကျရောက်လာပါက ပရဟိတစိတ်ဓါတ်ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန်။ "