သတင်းများ
မန္တလေးတက္ကသိုလ် နှစ် (၁၀၀) ပြည့်အထိမ်းအမှတ် အခမ်းအနား
မန္တလေးမြို့
မန္တလေးတက္ကသိုလ် နှစ်(၁၀၀) ပြည့်အထိမ်းအမှတ်အား ဂုဏ်ပြုသောအားဖြင့် ဆရာကြီး/ မကြီးများ၊ မြို့မိ-မြို့ဖများ၊ ကျောင်းသူ/သားဟောင်းများဖြင့် ပါဝင်ဖွဲ့စည်းထားသော မန္တလေးတက္ကသိုလ် နှစ် (၁၀၀) ပြည့် ကျင်းပရေးကော်မတီနှင့် မြန်မာလူငယ်ဖွံ့ဖြိုး တိုးတက်ရေးအသင်း(MYDA)တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် “ဂုဏ်ယူဖွယ်အမှတ်တရများ နှင့်မန္တလေးတက္ကသိုလ်” စကားဝိုင်းနှင့် “အနာဂတ်၏ဗိသုကာများ” လူငယ်စကားဝိုင်း အခမ်းအနားကို မန္တလေးမြို့ ၊ ၅၃လမ်းနှင့် ၃၆-A လမ်းဒေါင့်ရှိ Hotel Hazel၌ မနက် (၈:၃၀) နာရီမှ နေ့လည် (၂:၀၀) နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်(ဟောင်း) ဝဏ္ဏကျော်ထင် သီရိပျံချီ ဦးမောင်ကို၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးနှင့် ညွှန်ကြားရေးမှူး များ၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်နှင့် ဗဟိုအလုပ် အမှုဆောင်များဖြစ်ကြသည့် ဘဏ္ဍာရေးမှူး ဒေါ်ကြည်စင်ရွှေ၊ ဦးကျော်စွာမင်းသိန်း၊ ဦးရဲရင့်နှင့်အဖွဲ့ဝင်များ၊ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦးနှင့် ဒုတိယ ပါမောက္ခချုပ်များ၊ မန္တလေးတက္ကသိုလ်ရာပြည့်သဘင်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာ သီတာဝင်းနှင့် ကော်မတီဝင်များ၊ ကျောင်းသူ/သားဟောင်းများ၊ မြို့မိ/ဖများ၊ မန္တလေး တက္ကသိုလ်မှ ကျောင်းသူ/သားများ ၊ စုစုပေါင်း (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦးက မန္တလေးတက္ကသိုလ်ရာပြည့်သဘင်အခမ်းအနားနှင့် ပတ်သက်၍ အမှတ်တရစကားများ ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA) ဥက္ကဌ ဦးဇော်မျိုးအောင်မှ အမှာစကားပြောကြားရာတွင် “မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)အား (၂၀၁၈) ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အစိုးရ၊ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့မှ (၂၀၂၃)ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့တွင် အသင်းအဖွဲ့မှတ်ပုံတင်အမှတ် ၁/ပြည်တွင်း/၀၀၁၇(၂၀၂၂)ဖြင့် အသင်းအဖွဲ့လက်မှတ်ရရှိခဲ့ကြောင်း၊ လူငယ်များ၏ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းများကိုစဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိပြီး မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် လူငယ်ဖိုရမ်များကျင်းပြုလုပ်ခြင်း၊ ထူးချွန်မြန်မာ လူငယ်များအားနိုင်ငံတကာအတွေ့အကြုံကောင်းများရရှိစေရန် အပြည်ပြည်ဆိုင်ရာ လူငယ် တွေ့ဆုံပွဲများသို့စေလွှတ်ခြင်း၊ နိုင်ငံတော်အတွင်းသဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြည်တွင်းပရဟိတလုပ်ငန်းများအား အထူးအလေးထား ဆောင်ရွက် လျှက်ရှိပါကြောင်း၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ၏ဦးဆောင်လမ်းညွှန်မှုဖြင့်နှစ်စဉ် ဩဂုတ်လ (၁၂) ရက်နေ့တွင် ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ လူငယ်အခမ်းအနားများတွင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ပညာအရည် အချင်းပြည့်ဝသောမျိုးဆက်သစ်လူငယ်များကို နှစ်စဉ်မွေးထုတ်ပေးနေသော မြန်မာနိုင်ငံ၏ သမိုင်းဝင်အထင်ကရတက္ကသိုလ်ကြီးတစ်ခုဖြစ်သည့်မန္တလေးတက္ကသိုလ်သည် ယခုနှစ်ဆိုလျှင် နှစ်ပေါင်း (၁၀၀) တိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ထို့ကြောင့်မန္တလေးတက္ကသိုလ်နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်ရာပြည့်သဘင်အားကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယခုအခမ်းအနားကိုလည်း ကောင်းမွန်သောရည်ရွယ်ချက်များစွာဖြင့် ကျင်းပပြုလုပ်ရခြင်းဖြစ်ပြီး အခမ်းအနားကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက်အဖက်ဖက်မှ ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြသူများအားလုံး ကိုလည်း မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ များစွာကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် “ဂုဏ်ယူဖွယ်အမှတ်တရများနှင့်မန္တလေးတက္ကသိုလ်” စကားဝိုင်းအားအပိုင်း နှစ်ပိုင်းခွဲ၍ကျင်းပရာ Moderator အဖြစ် ဦးခင်မောင်စိုးကဆောင်ရွက်ခဲ့ပြီး ပထမပိုင်းတွင် ဆရာကြီးဦးတင်မောင်၊ ဆရာကြီးဦးကျော်ဆန်း(စာရေးဆရာဆူးငှက်)၊ ဆရာကြီးဦးစိန်မြင့်နှင့် ဆရာမကြီးဒေါ်သန်းသန်းဆွေ တို့ကဆွေးနွေးပြောကြားခဲ့ကြပြီး ဒုတိယပိုင်းတွင် ဆရာကြီး ဦးခင်မောင်ချို၊ ဆရာကြီးဦးဇော်ဝင်း၊ ဆရာမကြီးဒေါ်ခင်စောဦးနှင့် ဆရာမကြီး ဒေါ်ခင်ခင်အေးချိုတို့က မန္တလေးတက္ကသိုလ်နှင့်ပတ်သက်သော ဂုဏ်ယူဖွယ်အမှတ်တရ နေ့ရက်များအကြောင်းကို ပြန်ပြောင်းပြောပြခဲ့ကြပါသည်။
၎င်းနောက် “အနာဂတ်၏ဗိသုကာများ” လူငယ်စကားဝိုင်းအားဆက်လက်ကျင်းပရာ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)၏ဘဏ္ဍာရေးမှူး ဒေါ်ကြည်စင်ရွှေက Moderator အဖြစ်ဆောင်ရွက်ခဲ့ပြီး ဦးဇော်မျိုးအောင်၊ ဒေါက်တာနိုင်ဝင်းထက်၊ ဆရာသာသာ၊ ကိုဝဏ္ဏဇင်နှင့် ဒေါ်မြင့်မြင့်သန်းတို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို နေ့လည် (၂) နာရီတွင် အောင်မြင်စွာပြီးဆုံးကြောင်း ကြေညာခဲ့ကြပါသည်။
အသင်းအဖွဲ့၏ ရည်ရွယ်ချက်
" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "
Get In Touch
ContactUs
(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။
09-2035010 | 09-420727644
myda@mmyda.org
kyawzwar63@gmail.com

