inner-new-banner-02

သတင်းများ

စစ်ကိုင်းပညာရေးတက္ကသိုလ် ဘီအီးဒီပညာရေးဘွဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် “မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း ထူးချွန်ဆု” အားပေးအပ်ခဲ့ခြင်း

၂၀၂၅ ခုနှစ် ဒီဇင်ဘာ လ၂ရက်
စစ်ကိုင်း
မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)သည် အနာဂါတ်မြန်မာလူငယ်များ၏ ပညာရေးအဆင့် အတန်းတိုးတက်မြှင့်မားရေးတွင် တစ်ဖက်တစ်လမ်းမှ ပညာရေးဝန်ကြီးဌာန နှင့်အတူ ပါဝင်ကူညီ ဆောင်ရွက်လျက်ရှိပါသည်။ အခြေခံပညာကဏ္ဍ၏ ဆရာ၊ ဆရာမများကို မွေးထုတ်ပေးလျက်ရှိသော ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေး တက္ကသိုလ်များမှ ဆရာ၊ ဆရာမ များအား အားပေးချီးမြှောက်ရန် ရည်ရွယ်လျက် B.Ed ပထမနှစ်မှ ပဥ္စမနှစ်ထိ အထူးချွန်ဆုံး ဆရာ၊ ဆရာမ (ငါးဦး) တိတိအား နှစ်စဥ် ဘွဲ့နှင်းသဘင်တွင် ချီးမြှင့်ခွင့်ရရှိနိုင်ရေး အတွက် ပြည်ထောင်စုဝန်ကြီး၊ ပညာရေး ဝန်ကြီးဌာနသို့ တင်ပြခွင့်ပြုချက်တောင်းခံခဲ့ရာ ခွင့်ပြုချက်အရ ဆုများချီးမြှင့်နိုင်ရေးအတွက် သက်ဆိုင်ရာ တက္ကသိုလ်များရှိ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူ များနှင့် တွေ့ဆုံဆွေးနွေး ညှိုနှိုင်းဆောင်ရွက်ခဲ့ပါသည်။ ရန်ကုန်ပညာရေး တက္ကသိုလ် အနေဖြင့် ယခုနှစ်တွင် အချိန်ကာလ အခြေအနေကြောင့် ချီးမြှင့်နိုင်ခဲ့ခြင်းမရှိသော်လည်း စစ်ကိုင်းပညာရေးတက္ကသိုလ်၏ ( ၂၆ ) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကြီးတွင် ချီးမြှင့်နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်ခဲ့ပါသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂) ရက်နေ့ နံနက်ပိုင်းတွင် ဘွဲ့နှင်းသဘင်(ယာယီ)ခန်းမ၊ စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ကျင်းပပြုလုပ်သော (၂၆) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားသို့ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးဇော်မျိုးအောင် နှင့် အသင်းမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ပါမောက္ခချုပ်ကြီးမှ “ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း ထူးချွန်ဆု” ရရှိကြသည့်
၁။ မရွှန်းလဲ့ဝတီဖြိုး ( ပဥ္စပညာ-၁၃၃)
(ဘ-ဦးဝင်းမင်းစိုး) ရှမ်းပြည်နယ် တောင်ပိုင်း
၂။ မအေမီကို ( ပဥ္စပညာ-၂၉၁)
(ဘ-ဦးစိန်လင်း) နေပြည်တော်
၃။ မခင်စုဝေ ( ပဥ္စပညာ-၃၄၃)
(ဘ- ဦးတင်လှိုင်) မကွေးတိုင်းဒေသကြီး
၄။ မောင်ကျော်သက်အောင် ( ပဥ္စပညာ- ၂၆၉)
(ဘ- ဦးမိုးဟိန်း) မကွေးတိုင်းဒေသကြီး
၅။ မခင်နဒီစိုး ( ပဥ္စပညာ-၇၃)
(ဘ- ဦးစိုးဝင်း) စစ်ကိုင်းတိုင်းဒေသကြီး
တို့အား ဂုဏ်ပြု ဆုတံဆိပ်များ အသီးသီး ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ပါသည်။
မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းအနေဖြင့် ထူးချွန်ဆုရ မောင်မယ်များအား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုချီးမြှင့်ငွေ တစ်ဦးလျှင် (၁၀) သိန်းကျပ်တိတိ ၊ ဂုဏ်ပြု ဆွဲပြား ၊ ဂုဏ်ပြု တံဆိပ်၊ အမှတ်တရလက်ဆောင်များနှင့် ပန်းစည်းများကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
နိုင်ငံတော်အစိုးရမှ အမျိုးသားပညာရည်မြင့်မားရေးအတွက် အစဥ်တစိုက် အားပေးကူညီ ဆောင်ရွက်လျက်ရှိရာ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း သည်လည်း မြန်မာနိုင်ငံ၏ လူငယ်အခန်းကဏ္ဍအတွက် အလွန်အရေးပါသည့် အနာဂါတ် ဆရာ၊ ဆရာမများ၏ သင်ယူကြိုးစား လေ့လာလိုစိတ်များ ပိုမိုမြင့်မားတိုးတက်လာစေရေးနှင့် မြန်မာ့ပညာရေး ကဏ္ဍ ပိုမိုမြင့်မားရေးတွင် တွန်းအားတစ်ခုအဖြစ် ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေး တက္ကသိုလ်များမှ တစ်ကျောင်းလျှင် ထူးချွန်ကျောင်းသူ/သား ( ငါးဦး) ကျစီဖြင့် နှစ်စဥ် ကျင်းပသော ဘွဲ့နှင်းသဘင်တွင် ချီးမြှင့်နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) အနေဖြင့် စစ်ကိုင်းပညာရေးတက္ကသိုလ်၏ (၂၆) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ထူးချွန်ဆုများချီးမြှင့်နိုင်ရေးအတွက် ခွင့်ပြုပေးခဲ့ပါသော ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန ၊ လိုအပ်သည်များကို ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးပါသော စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများအား ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။
“မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းထူးချွန်ဆု” ရရှိကြသည့် ကျောင်းသူ/သားများ နှင့်တကွ ဘွဲ့ရ မောင်မယ်များအားလုံးအား ဂုဏ်ပြုမှတ်တမ်းတင်လျက် စေတနာ၊ ဝါသနာ၊ အနစ်နာ ၊ ကရုဏာတို့နှင့်ပြည့်စုံသော ကောင်းသောဆရာ၊ တော်သောဆရာ၊ မွန်မြတ်သော ဆရာများ ဖြစ်ကြပါစေကြောင်းနှင့် နိုင်ငံတော်အတွက် အားကိုးရသော၊ ထူးချွန် ထက်မြက်သော မျိုးဆက်သစ် လူငယ်မောင်မယ်များအား မွေးထုတ် ပေးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm